March 28, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၅၀ ခန့်ရှိမည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်

http://news-eleven.com/business/36351

Eleven Media Group

ဆောက်လုပ်နေဆဲ အထက်ပေါင်းလောင်း ရေကာတာ (Photo: YMEC)

နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ သန်း ၅၄၀ ခန့်ထွက်ရှိပြီး စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၅၀ ခန့်ရှိမည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းအား ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာနထံမှ သိရသည်။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အနေဖြင့် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရန် နိုင်ငံတကာ အတိုင်ပင်ခံအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ Norconsult အတိုင်ပင်ခံအဖွဲ့၏ တွက်ချက်မှုအရ ပေါင်းလောင်းမြစ်တွင် ရေအားလျှပ်စစ် အရင်းအမြစ် စုစုပေါင်း ၂၀၀၀ ကီ လိုဝပ်နာရီသန်းခန့် နှစ်စဉ်ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ပေါင်းလောင်းမြစ်တွင် တည်ဆောက်ပြီးဖြစ်သည့် ပေါင်းလောင်း ရေအားလျှပ်စစ် စက်ရုံနှင့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံနှစ်ခုမှ လျှပ်စစ်ဓာတ်အား ၁၄၀၀ ကီလိုဝပ်နာရီသန်းခန့်သာ နှစ်စဉ်ထုတ်လုပ်နိုင်မည်ဖြစ်၍ အဆိုပါ ဓာတ်အားပေးစက်ရုံ နှစ်ခုအကြား အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိကြောင်း ၂၀၁၀ ပြည့်နှစ်တွင် စတင်လေ့လာ တွေ့ရှိခဲ့ကြောင်း သိရသည်။

အလယ်ပေါင်းလောင်း စီမံကိန်း တည်ဆောက်ခြင်းဖြင့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ၏ ဓာတ်အားပေးစက်များမှ မောင်းနှင်ထုတ်လွှတ်လိုက်သည့် ပေါင်းလောင်းမြစ်ရေကို ဓာတ်အားထုတ်လုပ်ရေး အတွက် အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ပေါင်းလောင်း ဓာတ်အားပေးစက်ရုံ၏ လက်ရှိ ဓာတ်အားထုတ်လုပ်မှုအား ပိုမိုတိုးတက် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

အလယ်ပေါင်းလောင်း စီမံကိန်းသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု နည်းပါးခြင်း၊ စီးပွားရေးအရ တွက်ခြေကိုက်ခြင်း၊ နိုင်ငံ့ဓာတ်အား လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ခြင်းတို့ကြောင့် စီမံကိန်း အကောင်အထည်ဖော်ပြီးပါက နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်မည် ဖြစ်ကြောင်းနှင့် လက်ရှိအချိန်အထိ စီမံကိန်းတစ်ခုလုံး၏ ၂ ဒသမ ၆ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စီမံကိန်း ပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
Writer:
စည်သူအောင်